သည်းခြေအိတ်ရောင်နေရင် ဘာတွေ ခံစားရနိုင်လဲ
သည်းခြေအိတ် ဆိုတာက သေးသယ်တဲ့ သစ်တော်သီးပုံစံ အစိတ်အပိုင်းလေး ဖြစ်ပြီး အသည်းရဲ့ အောက်ဖက် ဝမ်းဗိုက်ရဲ့ ညာဘက်ခြမ်းမှာ ရှိပါတယ်။ သည်းခြေအိတ်ကအစာခြေရည် (တစ်နည်းအားဖြင့် သည်းခြေရည်) ကို အူသိမ်ထဲကို ထုတ်လွှတ်ပြီး အစာခြေဖို့ လုပ်ဆောင်ပေးပါတယ်။
ဒီအစိတ်အပိုင်းလေး ရောင်ရမ်းတာကို သည်းခြေအိတ် ရောင်ရမ်းတယ်လို့ ခေါ်ပါတယ်။ သည်းခြေအိတ် ရောင်ရမ်းတာက များသောအားဖြင့်ကတော့ သည်းခြေပြွန်မှာ သည်းခြေကျောက်တွေ ပိတ်ဆို့တာကြောင့် ဖြစ်တာပါ။ သည်းခြေအိတ်ကို ရောင်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေကတော့ သည်းခြေပြွန် ပြဿနာတွေ၊ အကျိတ် နဲ့ ပြင်းထန်သော ဖျားနာမှုတွေ၊ ပိုးဝင်ကူးစက်မှုတွေကြောင့်ပါ။
သည်းခြေအိတ်ရောင်တာက မကုသဘဲ ထားလိုက်မယ်ဆိုရင် ပြင်းထန်လာပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သည်းခြေအိတ်ရောင်တာကို ကုသတဲ့ ကုထုံးတစ်ခုကတော့ သည်းခြေအိတ်ကို ဖယ်ရှားတာပါ။
သည်းခြေအိတ်ရောင်နေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- ဝမ်းဗိုက် ညာဘက် အထက်နား ဒါမှမဟုတ် ဝမ်းဗိုက် အလယ်နေရာက အောင့်တာ
- နာကျင်မှုက ညာဘက်ပခုံးဆီအထိ ပြန့်လာတာ နောက်ကျော အထိ ပြန့်တာ
- ဗိုက်ထဲက တင်းနေပြီး ထိလိုက်တာနဲ့ နာတာ
- မအီမသာဖြစ်တာ
- အော့အန်တာ
- အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေကို အစားစားပြီးချိန်မှာ ခံစားရပြီး အဆီများတာတွေကို စားပြီးချိန်မှာ ပိုခံစားရနိုင်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ များသလဲ
- သည်းခြေကျောက်တည်တာ မျိုးရိုးရှိတာ
- အမျိုးသမီး ဖြစ်ပြီး အသက် ၅၀ ကျော်နေတာ
- အသက် ၆၀ နဲ့ အထက် ဖြစ်နေတာ
- အဆီများတာတွေ အစားများတာ
- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ
- အဝလွန်နေတာ
- ဆီးချိုရှိနေတာ
- ကိုယ်ဝန်ဆောင်ထားရတာ
- သားဆက်ခြားဆေးတွေ သောက်ဖူးတာ
- အချိန်တိုအတွင်းမှာ ဝိတ်ချလိုက်တာတွေက သည်းခြေအိတ်ရောင်တာကို ဖြစ်စေနိုင်ပါတယ်။
ဘယ်လို အချိန်မှာ.ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ
အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရမယ်။ ဗိုက်နာတာက ပြင်းပြင်းထန်ထန် ဖြစ်နေမယ်။ နေရတာ သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး သွားရောက် ပြသဖို့ အကြံပြုချင်ပါတယ်။။
မွန်မွန်